တံတားဦး စက်တင်ဘာ ၇
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယခုနှစ်အတွက် ချည်မျှင်ရှည်ဝါများကို ဒေသနှင့် ကိုက်ညီသော ဝါမျိုးများကို ရွေးချယ်စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် အပင်သက်တမ်း (၃)လသားကျော် အရွယ်သို့ ရောက်ရှိခဲ့ပြီး အပွင့်များ ၊ အဖူးများပွင့်ကာအောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည် ။
ဝါစိုက်ပျိုးရာတွင် တစ်ဧကအတွက် မျိုးစေ့ ၊ ထွန်ယက်ခ ၊ လုပ်အားခနှင့် ဆေးအသုံးပြုကုန်ကျစရိတ် အပါအဝင် စုစုပေါင်း ခန့်မှန်းကုန်ကျငွေ(၁၅၀၀၀၀)နီးပါးရှိပါကြောင်း ၊ စိုက်ပျိုးပြီး အပင်သက်တမ်း (၄)လအကြာတွင်(မကြာမီ) စတင်ကောက်ယူရရှိတော့မည်ဖြစ်ပြီး အနည်းဆုံး(၅)ကြိမ်မှ(၇)ကြိမ်အထိ ကောက်ယူနိုင်ပါကြောင်း ၊ ဝါပိဿာချိန်အားဖြင့် ပိဿာချိန်(၄၀၀)ကျော်နှင့် (၅၀၀)ပိဿာကျော် အကြားအထိ ထွက်ရှိနိုင်ပါကောင်း ယမန်နှစ် ဝါတစ်ပိဿာအနည်းဆုံး ငွေကျပ်(၁၅၀၀)မှ အမြင့်ဆုံး (၃၉၀၀)ကျပ်အထိ ရောင်ချခဲ့ရပါကြောင်း ယခုနှစ်လည်း ဝါဈေးကောင်းရရှိရန်အတွက်လည်း မျှော်လင့်လျက်ရှိပါကြောင်း ဝါစိုက်တောင်သူ ချောင်းခွကျေးရွာ ဦးမြင့်စိန်ထံမှ သိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ (၁၃၉၂) ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း ၊ လိုအပ်သည့် မျိုးစေ့ ၊ နည်းပညာများနှင့် ပတ်သတ်၍လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရါက်ပေးခဲ့ကြောင်းလည်း သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)