လားရှိုး စက်တင်ဘာ ၇
(၂၄) ကြမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ခရိုင်အဆင့်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲဝင်ရွေးချယ်စိစစ်ရေးနှင့် အကဲဖြတ်ဒိုင်လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးကော်မတီတို့က မိမိတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ လုပ်ငန်းကဏ္ဍအလိုက် တင်ပြချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်ထွန်း(လားရှိုး)