လွိုင်လင်မြို့တွင် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

လွိုင်လင် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၂)/ (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပပါသည်။

ဘောလုံးပြိုင်ပွဲမစတင်မီ အထက(၁)လွိုင်လင် ဘင်ခရာတပ်ဖွဲ့မှ သရုပ်ပြသတင်ဆက်ပါသည်။ ထို့နောက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အထက(၁) လွိုင်လင် နှင့် အထက(၁)ပင်လုံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၁)လွိုင်လင် အသင်းက(၄)ဂိုး (၂)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ယင်းနောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ အသက်(၁၂)အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အသင်းများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ဆုဖလားများနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။ ထို့နောက်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု၊ ဆုဖလားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးဆု ရရှိသူများကို မြို့နယ်အားကစားမှူး ဒေါ်မိုးမိုးအေးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ ဌာနဆိုင်ရာများ၊ လွိုင်လင်-ပင်လုံ ကျောင်းအသီးသီးမှ ကျောင်းဆရာ/‌ဆရာမများ၊ ကျောင်းသား/သူများ၊ ဘောလုံးချစ်သူပြည်သူများ တက်ရောက်အားပေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)