ပုဇွန်တောင်မြို့နယ်တွင် စာပေနှင့်သတင်းမီဒီယာအသိပညာပေးဟောပြောပွဲကျင်းပ

ပုဇွန်တောင် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံမှ ကျောင်းသား/ကျောင်းသူများအား Social Media မှ သတင်းများကို အလွယ်တကူမယုံကြည်ရန်၊ ဓာတ်ပုံတစ်ပုံကို အစစ်အမှန်ဟုတ်မဟုတ်ခွဲခြားနိုင်ကြောင်း၊ သတင်းအမှားများကြောင့် ဒုက္ခရောက်နိုင်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက်တင်မောင်ဦး)က သတင်းတု/သတင်းမှားများ စိစစ်ခွဲခြားတတ်စေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ စာပေရေးရာသိမှတ်ဖွယ်ရာများကိုလည်းကောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က စာပေ၏အနှစ်သာရများ၊ မြန်မာစာမြန်မာစကားနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ မသုံးသင့်သောအသုံးအနှုန်းများကို စိတ်ဝင်စားဖွယ် အသိပညာပေးဟောပြောခဲ့ကြပြီးနောက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမဒေါ်အေးအေးမူက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်