ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူမှောင်ခို/ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဘူးသီးတောင် စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ လူမှောင်ခို/ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ( မေယုရတနာ)ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ အမှတ်(၁) လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူးရုံး မောင်တောမှဒုရဲမှူး စံမင်းက လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားလူတစ်ဦးကို ပြည့်တန်ဆာ လုပ်ခိုင်းခြင်း၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြားခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည်တို့ကို ပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ လက်ခံခြင်း (သို့မဟုတ်) လက်ခံရယူရန် သဘောတူခြင်းတို့ ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ဓါတ်ပုံများအား ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှူနေမှုကို ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အမှတ်(၁) လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူးရုံး မောင်တောမှ ဒုရဲမှူး စံမင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့၊ မောင်တောမှ ရဲမှူးမြင့်သောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်ဝင်း၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)