ဗိုလ်တထောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ဗိုလ်တထောင် စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း Grade - 11 မှ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မူးယစ်ဆေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အကျိုးရှိရှိအသုံးချတတ်စေရန်၊ မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်နှင့် မူးယစ်ဆေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀:၃၀)အချိန်က လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို အ.ထ.က(၂)ဗိုလ်တထောင်၌ ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။

လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနှင်းသီတာမြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဝင်းကြည်က လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်အကြောင်းပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူးဒေါ်အေးချမ်းမိုးမှ သွေးလွန်တုပ်ကွေးအကြောင်းနှင့် ရာသီတုပ်ကွေးဖြစ်ပွားရခြင်းတို့အား ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တိုင်းရင်းဆေးများအခမဲ့ကုသပေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိမှုအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခင်ဝင်းကြည်