ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများ၍ မိုးရေလှောင်ကန်များ ရေဝင်ရောက်မှုကောင်းမွန်

ကျောက်ပန်းတောင်း စက်တင်ဘာ ၇

ကျောက်ပန်းတောင်းမြို့နယ်တွင် တောင်သူများ စိုက်ပျိုးသီးနှံ နှုတ်သိမ်းချိန်နှင့် တိုက်ဆိုင်စွာ ယခုရက်များအတွင်း မိုးရွာသွန်းမှုကောင်းသဖြင့်၊ အချို့တောင်သူများ မိုးမြေပဲ နှုတ်သိမ်းရန် အခက်ကြုံနေသော်လည်း၊ မိုးရေလှောင်ကန်များတွင် ရေဝင်ရောက်မှုကောင်းမွန်သဖြင့်  နွေရာသီ ကာလတိုင် သောက်သုံးရေဖူလုံနိုင်ကြောင်း ကျေးရွာနေပြည်သူတစ်ဦးက ပြော သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် (၃.၉.၂၀၂၃)ရက်နေ့က မိုးရေချိန်လက်မ (၀.၃၃) လက်မ ရွာသွန်းပြီး၊ (၄.၉.၂၀၂၃) ရက်နေ့တွင်(၀.၉၄)လက်မ၊ (၅.၉.၂၀၂၃)ရက်နေ့တွင် (၁.၆၆)လက်မ ရွာသွန်းခဲ့ပြီး၊ ယနေ့ (၆.၉.၂၀၂၃)ရက်နေ့တွင် ရွာသွန်း သည့် မိုးရေချိန်မှာ (၀.၅၈)လက်မဖြစ်ကြောင်း သိရသည်။  အဆိုပါ (၃)ရက်တာ မိုးရွာသွန်းမှုကြောင့် မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေ (Shopping Method ) ဖြင့် ဆောင်ရွက်ထားရှိသည့် လက်ပံပျား ကျေးရွာအုပ်စု ဝက်ချုပ်ကုန်းမြောက်ကျေးရွာရှိ  မြေသားရေကန်၊ ကျွဲကူးကျေးရွာရှိ မြေသားရေကန်နှင့် တလိုင်းကန်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ‌မြေသားရေကန်၊ ပေါက်သစ်ကျေးရွာအုပ်စု ပေါက်သစ် ကျေးရွာရှိ မြေသားရေကန်များနှင့် အခြားမိုးရေလှောင်ကန်းများတွင် ယခုနှစ်ရေဝင်ရောက်မှု ကောင်းမွန်သဖြင့် ကန်အားလုံး ရေပြည့်ဝင်ရောက်လျက်ရှိရာ၊ ကျေးရွာနေပြည်သူများအနေဖြင့် နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲ ရှိနိုင်မည်မဟုတ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

နေအောင်(ပြန်/ဆက်)