သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ

တာမွေ စက်တင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟောပြောပေးမည့် စာရေးဆရာကြီးကောင်းသန့်၏ အတ္ထုပ္ပတ္တိကို အခမ်းအနားမှူးက ဖတ်ကြားခဲ့ပြီး စာရေးဆရာကြီး ကောင်းသန့်က “ လူငယ်များအတွက်ရှေးရှုပေး ဗလငါးတန်ဖွံ့ဖြိုးရေး ” ကဏ္ဍအတွက် “ ဆရာနှင့် ပြည်သူ့နီတိ ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောခဲ့သည့် စာရေးဆရာကြီးကောင်းသန့်အား သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆိုပါလူငယ်သီတင်းပတ်ပွဲတော်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၌ ကျင်းပပြုလုပ်လျက်ရှိပြီး သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင်လည်း ၂၀၂၃-ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့မှ စက်တင်ဘာလ (၆) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာပေးပြခန်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့်စာပေဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)