တာချီလိတ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း အ.ထ.က.ခွဲ (ဝမ်တုံ)ကျောင်းနှင့် အ.ထ.က.ခွဲ (ဝမ်ပုံ)ကျောင်းတို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်”အကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်သန်းက “စာဖတ်ခြင်းအကျိုးကျေးဇူး၊ ကျောင်းသားနှင့် စာဖတ်ခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး”တို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးဝင်းသူက “လေထုသန့်ရှင်းဖို့၊ လက်တွဲပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ယွန်းသီရိဇော်က “လေထုညစ်ညမ်းမှုအန္တရာယ်အကြောင်းနှင့် လေထုညစ်ညမ်းမှု နောက်ဆက်တွဲဆိုးကျိုးများ”ကိုလည်းကောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက သိလိုသမျှကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)