ကျိုင်းတုံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက Amazing Keng Tong Resort တွင် ကျင်းပသည်။

ဦးစွာ ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တင်အောင်ဆွေက သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီဥက္ကဋ္ဌအား အမှတ်တရဂုဏ်ပြုတံဆိပ်  ပေးအပ်သည်။

အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်သည့်အခါ ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ရုရှားဘာသာစကားအခြေခံနှင့် ဗဟုသုတများကို ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတွင် လက်တွေ့အသုံးချနိုင်ရေးအတွက် ရုရှားအက္ခရာ၊ သဒ္ဒါ၊ ကိန်းဂဏန်း၊ ငွေကြေးဆိုင်ရာ၊ ရုရှားလူမျိုးများ၏ အလေ့အကျင့်နှင့် အကျင့်စရိုက်များစသည့် ရုရှားဘာသာစကားများကို သင်တန်းကာလ (၁)လကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၃၃ ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)