ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

နေပြည်တော် စက်တင်ဘာ ၇

လူငယ်များအသိပညာ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်၍  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဖွင့် အမှာစကား ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ ဖြောင့်မတ်တည်ကြည်စွာဖြင့် အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ထုတ်စေလိုကြောင်း၊ လူငယ်စကားဝိုင်းမှ ဆွေးနွေးသိရှိရသည့် အကြောင်းအရာ၊ ဗဟုသုတများကို နီးစပ်ရာ သူငယ်ချင်း/မိတ်ဆွေများကို မျှဝေပေးစေလိုကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် (အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်လူငယ်တို့၏အခန်းကဏ္ဍ) လူငယ်စကားဝိုင်းအခမ်းအနားကို စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။

အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်ပြဘုတ်များကို စိတ်ဝင်တစား ဖတ်ရှုကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)