တောင်ကြီး စက်တင်ဘာ ၇
နည်းပညာတက္ကသိုလ်(တောင်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မက္ခရာဆောင်နှင့် ဆောင်းချယ်ရီဆောင် ကျောင်းသား/ကျောင်းသူများ၏ မိတ်ဆုံညစာစားပွဲကို စက်တင်ဘာ(၅)ရက် ညနေ(၆)နာရီက နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ညစာစားပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ကြီး) မက္ခရာဆောင်နှင့် ဆောင်းချယ်ရီဆောင် အဆောင်နေ ကျောင်းသား/ကျောင်းသူများမှ "နှလုံးသားထဲက TU" သီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နည်းပညာတက္ကသိုလ်(တောင်ကြီး)သည် ၁၉၉၂ ခုနှစ်တွင် စက်မှုလက်မှုသိပ္ပံ (အေးသာယာ)အနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး အစိုးရနည်းပညာကောလိပ်၊ နည်းပညာတက္ကသိုလ်စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် အဆင့်မြှင့်တင်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း (၃၁)နှစ်ခန့်ရှိပြီး အင်ဂျင်နီယာနှင့် မဟာဘွဲ့ရ (၃၂၃၄)ဦးခန့် မွေးထုတ်ပေးခဲ့ပြီး လက်ရှိပညာသင်နှစ်တွင်လည်း ကျောင်းသား/ကျောင်းသူဦးရေ (၁၀၃၃)ဦးခန့် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည့်အတွက် နိုင်ငံတော်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသည်ကို များစွာ ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(တောင်ကြီး) မက္ခရာဆောင်နှင့် ချယ်ရီဆောင် ကျောင်းသား/ ကျောင်းသူများ ညစာမိတ်ဆုံစားပွဲအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်၊ ဒုတိယပါမောက္ခချုပ်တို့မှ လက်ခံရယူသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ကြီး) အဆောင်နေ ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်းနှင့် နည်းပညာတက္ကသိုလ် (တောင်ကြီး) ဆောင်းချယ်ရီဆောင်၊ မက္ခရာအဆောင်နေ ကျောင်းသူများမှ ရှမ်းတိုင်းရင်းသားရိုးရာအက၊ ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေခြင်း၊ သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ဦးရွှေရိုးအက၊ ဓနုတိုင်းရင်းသားရိုးရာအက၊ ဗမာတိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ကြ၍ မီးပုံးပျံငယ်လေးများ လွှတ်တင်ပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)