လောက်ကိုင်မြို့၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လောက်ကိုင် ၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

​ရှေးဦးစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ဆွေ က နိုင်ငံတော်မှ ဘဏ္ဍာငွေများကို နှစ်စဉ် နှစ်တိုင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် တိကျသောစံနှုန်းများနှင့် ညွှန်ကြားချက်များဖြင့် ခွဲဝေပေးလျက်ရှိကြောင်း၊ ကျေးရွာများတွင် လမ်းသစ်တစ်ခု ဖောက်လုပ်ရာတွင် လမ်းအကျယ်မှာ (၃၂) ပေရှိရမည်ဖြစ်ပြီး လမ်းမျက်နှာပြင်ကို မတူညီသော ကျောက်သားများဖြင့် နှစ်ကြိမ် ကျစ်လစ်အောင်ခင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ လမ်းတံတားစီမံကိန်း (၁၂) ခုအား ရန်ပုံငွေ (၁၈၃၁.၂၁၁) ကျပ်သန်း၊ ပညာရေးလုပ်ငန်း (၆) ခုအား ရန်ပုံငွေ (၁၀၈.၅၆) ကျပ်သန်းနှင့် ဿသနာရေးလုပ်ငန်း (၁) ခု ရန်ပုံငွေ (၁၀၂.၆) ကျပ်သန်းတို့ဖြစ်ကာ လက်ရှိတွင် ရန်ပုံငွေ (၁၀၉၀.၂၁၄) ကျပ်သန်းဖြင့် ဆောင်ရွက်နေဆဲစီမံကိန်း (၈) ခုရှိကြောင်းနှင့် လုပ်ငန်းသစ် (၁၁) ခုအတွက် ရန်ပုံငွေ (၉၅၂.၁၅၇) ကျပ်သန်း လျာထားကြောင်းနှင့် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ လမ်းတံတားစီမံကိန်း (၃)ခုအား ရန်ပုံငွေ (၃၄၃.၅၉၅)ကျပ်သန်းဖြင့် ဆောင်ရွက်နေဆဲလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် အစည်းအဝေးကို တက်ရောက်ခဲ့သော/ကျေးရွာ အသီးသီးမှ တာဝန်ရှိသူများက လမ်းဖောက်လုပ်မှု အခြေ အနေများကို အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ အဖွဲ့ဝင် ဦးမျိုးဇော်သန်း၊ အဖွဲ့ဝင် ဦးညွန့်လွင်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းမြေ့ထွန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ လောက်ကိုင်မြို့နယ်/ ကုန်းကြမ်းမြို့နယ်ရှိရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် တင်ဒါအောင်မြင်သည့် လုပ်ငန်းတာဝန်ခံများ အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ချန်ထွန်းအောင်