ပင်လောင်းမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြ ဆောင်ရွက်

နောင်တရား စက်တင်ဘာ   ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာ တောင်သူ ဦးမွှေး၏ စံပြစိုက်ကွက်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအတွက်  မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး ယူရီးယားဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့ပေးအပ်ပြီး၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်၍ ယူရီးယားဓါတ်မြေဩဇာများကို အကျိုးရှိစွာ၊ လေလွင့်မှုနည်းပါစွာ အသုံးပြုနိုင်ရေးအတွက် နည်းစနစ်မှန်ကန်စွာဖြင့် မိုးစပါးစံပြစိုက်ကွက် စိုက်ပျိုးထားသည့် တောင်သူဦးမွှေး၏ လယ်မြေတွင် ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝဓါတ်မြေဩဇာများ ရောနှောအသုံးပြုပြီး  ကွင်းသရုပ်ပြ ကြဲပက်ခဲ့သည်။

အခမ်းအနားတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်​ရေးအတွက် ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ရာတွင် ဓါတ်မြေဩဇာတစ်မျိုးတည်း ကြဲပက်ပါက မိုးစပါးများ အာဟာရလုံလောက်စွာ အပြည့်အဝ မစားသုံးနိုင်ခြင်းကြောင့် သဘာဝမြေဩဇာများနှင့် ယူရီးယားမြေဩဇာများ ရောနှောကြဲပက်ပါက စပါးပင်များ ၈၀ ရာခိုင်နှုန်းအထိ မြေဩဇာများကို စားသုံးနိုင်သောကြောင့် ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောအသုံးပြုပါက ပိုမိုအကျိုးရှိကြောင်း ပြောကြားသည်။

ထို့နောက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မှိုင်၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်​ရေးအတွက် အခမဲ့ထောက်ပံ့ထားသည့် ယူရီးယားဓါတ်မြေဩဇာများကို ရှမ်းပြည်နယ်အစိုးအဖွဲ့ကိုယ်စား အခမ်းအနားသို့ တက်ရောက်လာကြသည့် မိုးစပါးစိုက်ပျိုးရေးတောင်သူများသို့ ပြန်လည်ထောက်ပံ့ပေးသည်။

ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများရောနှောထားသည့် မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများ နည်းစနစ်မှန်ကန်စွာ ပြန်လည်ကြဲပက်နိုင်ရေးအတွက် ကွင်းသရုပ်ပြ ကြဲပက်ဆောင်ရွက်ခဲ့သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပထမနှစ်တွင် ရှမ်းပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူ (၉၉၀၀)ဦးကို ယူရီးယားဓာတ်မြေဩဇာအခမဲ့ ထောက်ပံ့ပေးခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်း၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူ ၃၅၀၀ ကျော်မှ ရွှေအပ်၊ ရွှေရင်အေး-၁၊ ရွှေရင်အေး-၂ မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ စိုက်ဧက (၃၃၄)ဧကကို မိုးစပါးပန်းတိုင် တစ်ဧကလျှင် တင်း(၁၀၀) အထွက်နှုန်းရရှိစေရန်အတွက် ယူရီးယားဓာတ်မြေဩဇာ အခမဲ့ ​​ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ခွန်အောင်(နောင်တရား)