မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅) ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲကျင်းပ

မှော်ဘီ ​စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် ဖူးကြီးကျေးရွာ၊ ဗိုလ်မိုးခန်းမ၌ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) ဦးထင်ကျော်၊ မှော်ဘီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးငွေတင်တို့က အဖွင့်အမှာစကား အသီးသီးပြော​ကြား၍ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပေဒများ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြထားသော လုပ်ငန်းများအား သက်ဆိုင်ရာဘဏ္ဍာနှစ်မှာ ထည့်သွင်းထားရှိကြောင်း၊ မိမိဒေသလိုအပ်ချက်များတင်ပြကြရန် ဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးဝင်းစိုးမှ စစ်ကြောင်းကြီး (၅) ကြောင်းတွင် ပါဝင်သောဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိတ်ဆက်ခြင်း၊ ကာကွယ်ရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော်က နယ်မြေလုံခြုံရေးနှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်၊ ဒို့တာဝန်အရေးသုံးပါးကိုမမေ့ရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ လူမှုရေးစစ်ကြောင်းမှ ဒေါက်တာစောမြထွန်းမှ ကိုဗစ် - ၁၉ ရောဂါနှင့် Mask နှာခေါင်းစည်းတပ်ရန်၊ ဆေးထိုးပြီး(၆)လပြည့်တိုင်း ပြန်လည်ထိုးရန် မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်ဂျုလှိုင်က ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ တပ်ဖွဲ့/ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ သိရှိမေးမြန်းလိုသည်များ မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ ဒေသအတွင်းဖွံဖြိုးရေး တင်ပြချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးဖြေကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့် အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မိဘပြည်သူများတင်ပြသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ သမိုင်းဝင်တံခွန်တိုင်စေတီလမ်းနှင့် သာယာကုန်းကျေးရွာနှင့် ဖူးကြီးကျေးရွာ ရွာချင်းဆက်လမ်းတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)