တောင်ကြီး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာစာဉာဏ်စမ်း၊ အင်္ဂလိပ်စာ ဉာဏ်စမ်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့ဦးစီးမှူးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း