လှိုင်သာယာ (အရှေ့ပိုင်း) စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ၌ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အရန်အင်အားအဖြစ် ဆောင်ရွက်ရန်၊ မီးဘေးသတိမူရေးနှင့် စပ်လျဥ်းသည့်လုပ်ငန်းများဆောင်ရွက်ရန်၊ မီးဘေးကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ မီးငြှိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကူညီစောင့်ရှောက်ခြင်းနှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ မဖြစ်ပွားစေရေးကာကွယ်ရန်၊ ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ မီးသတ်ဦးစီးဌာနကဖြစ်စေ၊ မီးဘေးလုံခြုံရေးအဖွဲ့က ဖြစ်စေအခါ အားလျော်စွာ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ပြောကြားသည်။
ဆက်လက်၍ သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများကို ပေးအပ်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးက လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် ပို့ချပေးသွားမည့် လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာစက်ကြီး၊ စက်ကလေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို သင်တန်းသား (၅၀) ဦးမှ တက်ရောက်လျက်ရှိပြီး သင်တန်းကာလအနေဖြင့် (၄.၉.၂၀၂၃ မှ ၂၉.၉.၂၀၂၃) အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)