မိုင်းယောင်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် စားအုန်းဆီဈေးနှုန်းများ သာမန်ဈေးနှုန်းထက်တိုးမြှင့်၍ ရောင်းချမှု ရှိ/မရှိ၊ တပ်မတော်မှထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများဆိုင်တွင် လက်ခံရောင်းချ နေမှု ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့တွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဇော်လွင်၊ သတင်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ဆေး ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်း စားအုန်းဆီရောင်းချမှုမရှိဘဲ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပုတ်ဆီများကိုသာ ပုံမှန်ဈေးနှုန်းများဖြင့် ဝယ်ယူအသုံးပြု ရောင်းချလျက်ရှိကြောင်း၊ တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုလည်း လက်ခံရောင်းချလျက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ဟင်းသီးဟင်းရွက်ဆီ၊ ပဲပုတ်ဆီများ၊ တပ်မတော်မှထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို စတိုးဆိုင်၊ ကုန်စုံဆိုင် ပိုင်ရှင်များအား ပုံမှန်ဈေးနှုန်း များဖြင့် ရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)