ကာလိ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ နိုင်ငံ့တကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) လွိုင်ဖာကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိအပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ စာတက်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို ဟောပြောခဲ့ပြီး၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုဝင်းက ကျောင်းနေသည့် ကျောင်းသား၊ ကျောင်းသူများ စာတက်မြောက်ရေးအတွက် စာကိုကြိုးစားသင်ယူသင့်ကြောင်း ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုသင့်ကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့်စာအုပ် စာစောင်များ ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)