ကျိုက်မရောမြို့ အ.ထ.က (ခွဲ) ကျွန်းရွာ၌ လူငယ်စကားဝိုင်း ကျင်းပ

ကျိုက်မရော စက်တင်ဘာ ၆

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့  ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က. ခွဲ ကျွန်းရွာမှ ဆရာကြီးဦးသန်းထွန်းက  အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက  လူငယ်စကားဝိုင်းကျင်းပရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဝင်းက လူငယ်နှင့်အားကစားကဏ္ဍကိုဦးဆောင် ဆွေးနွေးခဲ့သည်။

ယင်းနောက် အ.ထ.က ခွဲ ကျွန်းရွာမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး  လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသားများ၏ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ  တာဝန်ရှိသူများက  ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့်အသိပညာပေး နံရံကပ်စာစောင်များကို  ပြသထားရာ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြကြောင်း သိရသည်။

 ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)