လားရှိုး ၊ စက်တင်ဘာ ၆
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန် ၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးပညာရေးဒီဂရီကောလိပ် ၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်း က လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကိုစတင်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်သည်။
လားရှိုးပညာရေးဒီဂရီကောလိပ်တွင်ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ဦးဆန်းမင်းဦး(ဒုတိယနှစ်၊ ဒုတိယနှစ်ဝက်) က လူငယ်နှင့်အနုပညာ၊ ဦးလွမ်းခေါင် (ဒုတိယနှစ်၊ဒုတိယနှစ်ဝက်) က လူငယ်နှင့်အားကစား၊ ဒေါ်ထက်ထက်မိုး (ဒုတိယနှစ်၊ဒုတိယနှစ်ဝက်) က လူငယ် နှင့် SocialMedia ၊ ဒေါ်မိုင်ဆလိုမီ (ဒုတိယနှစ်၊ ပထမနှစ်ဝက်) က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသူ/ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လားရှိုးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ် ဒေါ်လွင်လွင်စန်း ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး ၊ လားရှိုး ခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် တို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေး ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)