ငါန်းဇွန်မြို့၌ ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/သူများအား ဆုပေးပွဲအခမ်းအနားကျင်းပ

ငါန်းဇွန် စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဩဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့သော မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်ပုံ၊ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါပြိုင်ပွဲများတွင် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၂)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုဇင်ထိုက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဥမ္မာဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္က ဒေါ်မြင့်မြင့်ခိုင်နှင့်အသင်း/အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။                            

ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

သက်နောင်ဦး(ငါန်းဇွန်)