ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အလုံ၊ သီရိရတနာခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊(၂၄)ကြိမ်မြောက်မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှတာဝန်ရှိပုဂ္ဂိုများ၊ အကဲဖြတ်ဒိုင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို (၁၉၉၃)ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာဟာ ဒီကနေ့ဆိုရင်(၂၄)ကြိမ်မြောက် ကျင်းပတာဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသူနိုင်ငံသားများသည် အခြားတစ်ပါးသောယဉ်ကျေးမှုများကို အသိအမှတ်ပြု လေးစားတန်ဖိုးထားသကဲ့သို့ ကိုယ့်ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစုံများကိုလည်း အသက်နှင့်အမျှတန်ဖိုးထားမြတ်နိုး ချစ်ခင်ကြပါကြောင်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ဂုဏ်ယူဖွယ် ကောင်းလှတဲ့ယဉ်ကျေးမှု၊ အမွေအနှစ်များထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းများကို ရည်ရွယ်ချက်မြင့်မားစွာထားရှိ၍ အဓိပ္ပါယ်ရှိစွာကျင်းပနေခြင်းဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ အခြေခံပညာအဆင့်အနေနှင့် အဆိုဘာသာရပ်ပြိုင်ပွဲ အမျိုးအစား(၂)ခု၊ အကဘာသာရပ်ပြိုင်ပွဲအမျိုးအစား(၂)ခု၊ အရေးဘာသာရပ်ပြိုင်ပွဲအမျိုးအစား(၁)ခု၊ အတီးဘာသာရပ်ပြိုင်ပွဲအမျိုးအစား(၁၃)ခုကို ထည့်သွင်းကျင်းပရန် စီစဉ်ထားတယ်လို့သိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိတို့တတ်ကျွမ်း ထားတဲ့အနုပညာကို စစ်မှန်သောပင်ကိုယ်အရည်အချင်းနှင့်လျော်ညီစွာ ပါဝင်ယှဉ်ပြိုင်၍ အောင်နိုင်မှုများရရှိရေး၊ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်အောင်စွမ်းဆောင်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ အနုပညာရှင်များက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် အ-ထ-က(၁)ဒဂုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများက“မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း” သီချင်းဖြင့် ကပြ၊ သီဆို၊ တီးခတ်၊ ဖျော်ဖြေခြင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ခိုင်မာလာနှင်းဆီ” က သီချင်းဖြင့် ကပြ၊ သီဆို၊ တီးခတ်၊ ဖျော်ဖြေခြင်း “နှလုံးသားကို အလှဆင်ပါ” သီချင်းဖြင့်အထက (၂)ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ မသိင်္ဂီဝင့်ထက်၊ အ.ထ.က(၂) မင်္ဂလာဒုံမြို့နယ်မှ မမြတ်ဝတ်ရည်ထွန်း၊ အ.ထ.က(၁၉)လှိုင်သာယာမှ မကြယ်စင်လင်းလက်တို့မှ သီဆိုပြီး အ.ထ.က(၂)ကမာရွတ်မြို့နယ်မှ မောင်ကျော်အုပ်စိုးတီးခတ် ဖျော်ဖြေခြင်း၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာဆိုင်းဝိုင်း” တီးခတ်ဖျော်ဖြေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအခမ်းအနားတွင် ကပြ၊ သီဆို၊ တီးခတ်၊ ဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)