မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်၊ မြောင်းစာများ ဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက်

မဟာအောင်မြေ  စက်တင်ဘာ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနသည်ကော်မတီ၏ ရည်ရွယ်ချက်နှင့်အညီ မန္တလေးမြို့တော် နယ်နိမိတ် ၆ မြို့နယ်တို့တွင် အဓိကကျသည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းလုပ်သားများဖြင့် နေ့စဥ်အဓိကမြောင်းများ၊ ရေနုတ်မြောင်းများအတွင်းမှ အမှိုက်သရိုက်၊ မြောင်းစာများ ဆယ်ယူရှင်းလင်းခြင်းကို စိမံချက်ချမှတ်၍ ရပ်ကွက်အစဥ်အလိုက် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ကြပြီး မြို့နယ်တာဝန်ခံအရာရှိများက ကြီးကြပ်ကာ ဝန်ထမ်းများနှင့် စက်ယန္တရားများအသုံးပြု လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် သန့်ရှင်းရေးမြောင်းဆယ် လုပ်သားများသည် ပါတ်ကုန်း ဝန်းကျင်ရပ်ကွက် ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်း ၃၀ မြောက်ဘက်ခြမ်း မြောင်း‌အတွင်းရှိ ပိတ်ဆို့နေသည့် မြောင်းစာနှင့် အမှိုက်သရိုက်များကို  လူအင်အားနှင့်နုံးစုပ်ကား အသုံးပြု၍  လမ်း၇၀နှင့်‌‌၇၁လမ်းကြားတွင် ဆယ်ယူရှင်းလင်းဆောင်ရွက်ကြပြီး ငွေတချောင်းမြောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ၆၄ လမ်းနှင့် ၃၉လမ်းတံတားအတွင်း ပိုက်လိုင်းများတွင် ကပ်ငြိနေသည့် ဒိုက်များကို လူအင်အားဖြင့် ဆယ်ယူရှင်းလင်း၍ မော်တော်ယာဉ်များဖြင့် သိမ်းဆည်းစွန့်ပစ်၍ ပလက်ဖောင်းများကို ရေဖြင့် ဆေးကြောဆောင်ရွက်ခဲ့ကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်များအလိုက်ရပ်ကွက်များတွင် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိသော်လည်း ရပ်ကွက်နေပြည်သူများ၏ လိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ် သန့်ရှင်းရေးဌာနသို့ တင်ပြလာပါက ချက်ချင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း