မောက်မယ်မြို့နယ်၌ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံခြင်း/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရှိရပ်ကွက်များမှ ယနေ့နံနက် (၉) နာရီတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ဆောင်ရွက် လျက်ရှိရာ မွေးကင်းစ အသက် (၂) လမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသဲရောင် အသားဝါဘီရောဂါ၊ ပိုလီယိုရောဂါ၊  ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါ၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)နှင့်ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ အစရှိသည့် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် (၅) မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပြီး ကျန်ရှိနေသေးသည့် ကျေးရွာများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနခွဲများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမများထံမှ သိရသည်။

မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ အသက် (၂) လမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေးခြင်း/ထိုးနှံပေးခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း စသည့် လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)