တွံတေး စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီးရှိ ကျောင်းသား/ သူလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အ.ထ.က (ခွဲ) တမံကြီး၌ ကျင်းပ ပြုလုပ်ခဲ့ကြာင်း သိရသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက အမှာစကားပြောကြားပြီး၊ ခလောက်ချိုက်တိုက်နယ်၊ တမံကြီးကျေးလက်ပြည်သူ့ကျန်းမာရေးဌာန (ခွဲ) မှ ဆရာမဒေါ်ကြည်ကြည်ဝင်းက ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးအကြောင်းနှင့် ရာသီတုပ်ကွေးဖြစ်ပွားရခြင်းတို့အား ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား