လွိုင်လင် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက်(၁၂) / (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပပါသည်။
ဘောလုံးပြိုင်ပွဲ မစတင်မီ အ.ထ.က (၁) လွိုင်လင် ဘင်ခရာတပ်ဖွဲ့မှ သရုပ်ပြသ တင်ဆက်ပါသည်။ ထို့နောက် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အ.ထ.က (၁) လွိုင်လင်နှင့် အ.ထ.က (၁) ပင်လုံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က (၁) လွိုင်လင် အသင်းက (၄) ဂိုး (၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ယင်းနောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ အသက် (၁၂) အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသည့် အသင်းများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ဆုဖလားများနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။ ထို့နောက် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု၊ ဆုဖလားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုရရှိသူများကို မြို့နယ်အားကစားမှူး ဒေါ်မိုးမိုးအေးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ဌာနဆိုင်ရာများ၊ လွိုင်လင်-ပင်လုံ ကျောင်းအသီးသီးမှ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဘောလုံးချစ်သူ ပြည်သူများတက်ရောက် အားပေးကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်