ကျိုင်းတုံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ကြရာမှ အတွေအကြုံအသစ်များရရှိစေရန်၊ လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က Moderator အဖြစ် ဆောင်ရွက်ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦး၊ ကျောင်းသား/ ကျောင်းသူ ငါးဦးတို့က “လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)