သီပေါ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဆောင်က လူမှုဘဝအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ (၅) နှစ်တာ ကာလအတွင်း ဌာနမှဆောင်ရွက်ရန် လျာထားသောလုပ်ငန်းများဖြစ်သည့် ဆေးပေးခန်း၊ လမ်းတံတား၊ ရေပေးဝေရေး၊ စာကြည့်တိုက်၊ မီးလင်းရေးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်း ကော်မတီဝင်များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်တာကာလအတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံကိန်းအား သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စုအား လျာထားရွေးချယ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)