ဥတ္တရသီရိ စက်တင်ဘာ ၆
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း ယမန်နေ့ညနေ ၆ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုချောင်းရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်ခြံဝိုင်းများအတွင်း ရေကြီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် တက်ရှိန်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုနှင့် တောင်ညိုကျေးရွာ အုပ်စုများအတွင်း ကျေးရွာများရှိ နေအိမ်ခြံဝိုင်းများအတွင်း ၃ ပေခန့် ရေများ ဝင်ရောက်လျက်ရှိရာမှ တောင်ညိုကျေးရွာရှိ ပြည်လုံးချမ်းသာဘုရားကြီးကျောင်းအား ကာရံထားသည့် အနောက်ဘက်အုတ်တံတိုင်း အရှည် (၁၅၀) ပေခန့် ပြိုကျပျက်စီးသွားကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်ဖြိုးမင်းနှင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်နေသည့် နေအိမ်များရှိ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များကို ဘေးလွတ်ရာနေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ အသုံးအဆောင်ပစ္စည်းများ ကူညီသယ်ဆောင်ပေးခြင်း၊ အကူအညီ လိုအပ်နေသည့် ပြည်သူများအား ဝိုင်းဝန်းကူညီပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)