ချောင်းဆုံမြို့နယ်တွင် မိုးစပါးစမ်းသပ်ကွက် စံပြကွက်မျိုးစေ့ထုတ်မျိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ဓါတ်မြေဩဇာများဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေး

ချောင်းဆုံ စက်တင်ဘာ ၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်သည့် တောင်သူများအဆင်ပြေစေရန်အတွက် ယနေ့ နံနက်က ဒေါင်းရပ်အရှေ့၊ ဖံဖ၊ သက္ကောကျေးရွာ (၃) ရွာမှ တောင်သူ (၉၁) ဦးအား ယူရီးယား ဓါတ်မြေဩဇာ (၁၈၅) အိတ်နှင့် ရွှေဇီဝသဘာဝမြေဩဇာ (၉၂) အိတ် စုစုပေါင်း (၂၇၇) အိတ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (ဒုတိယ) အကြိမ် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ဩဂုတ်လကုန်အထိ မိုးစပါးစိုက်ပျိုးဧက (၆၅၂၄၂) ဧက စိုက်ပျိုးထားပြီးဖြစ်၍ လျာထားဧကအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ကြောင်း  မျိုးစေ့ထုတ်ဘက်စုံအဆင့် မြင့်နည်းပညာသုံးစံပြစိုက်ကွက်၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြီးစီးသည့်  စပါးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓါတ်မြေဩဇာ တစ်အိတ်လျှင် (၃၃၅၀၀) ကျပ်နှင့် ရွှေဇီဝသဘာဝမြေဩဇာတစ်အိတ်လျှင် (၄၈၀၀၀) ကျပ်နှုန်းတို့ဖြင့် ဖြန့်ဖြူးပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တဥက္ကဋ္ဌ) နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူဇာ (ပြန်/ဆက်)