ကျောက်တလုံးကြီး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်လုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဟောသဓ (သာသနဓဇဓမ္မာစရိယ) သည် ဩဂုတ်လ ၃၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ ဝါခေါင်လဆန်း ၁၄ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ် အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ကြွင်းကျန်သော ဥတုဇရုပ်ကလာပ်တော်အား မဟာဝံသဗုဒ္ဓဂယာ စေတီတော်ပရဝုဏ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပပူဇော်သည်။
အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပရာတွင် ပင့်ဖိတ် ဆရာတော်၊ သံဃာတော်များ၊ ရပ်ဝေး၊ ရပ်နီးမှ ဒကာ၊ ဒကာမများက ဆရာတော်၏ ဥတုဇရုပ်ကလာပ်ကို အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပမည့် စံကျောင်းတော်သို့ပင့်ဆောင်ပြီး တရားတော်များနာယူခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဒကာ၊ ဒကာမများအား ကျွေးမွေးဧည့်ခံခြင်းစသည့် ကုသိုလ် ကောင်းမှုများကိုဆောင်ရွက်ကြကြောင်းနှင့် ညနေ ၃ နာရီတွင် ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပ သင်္ဂြိုဟ်ကြကြောင်း သိရသည်။
နောင်လုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဟောသဓ (သာသနဓဇဓမ္မာစရိယ) သည် သက်တော် ၄၈ နှစ်၊ သိက္ခာတော် (၂၇) ဝါ ရှိပြီဖြစ်ကြောင်းနှင့် ကျောက်တလုံးကြီးမြို့ဦးတွင် မဟာဝံသဗုဒ္ဓဂယာစေတီတော်ကို ဦးဆောင်တည်ထားခဲ့ပြီး ဒေသတွင်း သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)