ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၆
လူငယ်သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကာယဗလမောင်ပြိုင်ပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ပင်မဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယကပါမောက္ခချုပ် ဆရာမကြီးဒေါက်တာခင်သီတာက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အနောက်ပိုင်းတက္ကသိုလ်၏ ကာယဗလမောင်(၅)ဦးနှင့် ကာယအလှမယ်(၅)ဦးတို့မှ ကာယဗလမောင်ပြိုင်ပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲကို အလွတ်တန်းယှဉ်ပြိုင်ခဲ့ကြရာဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များကိုလည်း ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်သီတာ၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသဇင်လွင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်သည်။
ဆက်လက်၍ မောင်နှမအဆောင်များ မိတ်ဆုံညစာ စားပွဲကိုညပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြရာ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများက အဖွဲ့လိုက်သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များပြန်လည်ပေးအပ်သည်။ ပြိုင်ပွဲနှင့်မောင်နှမ အဆောင်များ မိတ်ဆုံညစာစားပွဲအခမ်းအနားသို့လည်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)