မဟာအောင်မြေ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို မြသရဖူဆောင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲကို၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်းနှင့် ပြည့်စုံတဲ့သူတွေဖြစ်စေရန် စာပေနှင့်နီးစပ်မှုရှိစေရန်၊ စာအုပ်၊ စာပေဖတ်ရှုသည် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ၊ဗဟုသုတကြွယ်ဝမှ လူဘောင်အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံဂုဏ်၊ လူမျိုးဂုဏ်ကို မြင့်မားအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများ ဟောပြောပြီးနောက် စာရေးဆရာမကြီး ဒေါ်နုနုကြည် (အမေ့အိမ်)ကလည်း ကျောင်းသား/သူများအနေဖြင့် ပညာရဲ့တန်ဖိုးကိုသိရှိနားလည်ပြီး စနစ်တကျ သင်ယူလေ့လာသင့်ကြောင်း၊ ကျောင်းအရွယ်၌မူးယစ်ဆေးဝါးကိုအဓိကရှောင်ရှားစေရန်၊ လမ်းကြောင်းမမှားစေရန် စာပေဗဟုသုတများကိုအချိန်ပေးပြီး လေ့လာဖတ်ရှုသင့်ကြောင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မဟာအောင်မြေမြို့နယ် ဒုတိယဦးစီးမှူး ဦးမျိုးဝင်းဦးက လူငယ်ရေးရာဟောပြောပွဲနှင့် ပတ်သက်၍လည်း လူငယ်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကို လေ့လာမှတ်သားရသလို ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားနှင့်ပတ်သက်၍ အားကစားသည် လူငယ်တွေအတွက် လေ့ကျင်းမှုလည်းပြုလုပ်သင့်ကြောင်း စသည့်အကြောင်းအရာများအားဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူးဦးမျိုးဝင်းဦးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များအား ကျောင်းသား /သူများမှ ကြည့်ရှု့လေ့လာခဲ့ပြီး အားကစားဆိုင်ရာ လက်ကမ်းစာစောင်များလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း