နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၁၄)၌ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်အသိပညာပေးဆောင်ရွက်မှုနဲ့ ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဝါသနာရှင်များက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ခန်းမအပြင်ဘက်၌ မြန်မာနိုင်ငံတဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဗဟုသုတရရှိစေရန် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား၊ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနှင့်ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)က ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်း‌လျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသည့် ပျော်ရွှင်ဖွယ် Game များကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)နှင့် ဇနီးဒေါ်ကြည်ကြည်ညွန့် မိသားစုနှင့် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လှူဒါန်းသော ဘောလ်ပင်နှင့်စာအုပ်များ အသီးသီးချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)