တောင်ကြီး စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ လူငယ်သီတင်းပတ်လှုပ်ရှားမှုများကို စက်တင်ဘာ(၄)ရက် ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇဆောင်ရှေ့ကွင်းပြင်နှင့် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
လူငယ်သီတင်းပတ်လှုပ်ရှားမှုများအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်ထက်တို့အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကာယဗလစွမ်းရည်ပြသကြရာ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူများမှ Fitness Dance စွမ်းရည်၊ ဒုတိယနှစ်(ပထမနှစ်ဝက်)ကျောင်းသား/ကျောင်းသူများမှ ကဗျာလွတ်စွမ်းရည်၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/ကျောင်းသူများမှ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များ၏ စွမ်းရည်များကို ဖော်ထုတ်ပြသနိုင်သည့် လူငယ်သီသတင်းပတ်အဖြစ် ၂၀၂၃ စက်တင်ဘာလ(၄)ရက်မှ (၆)ရက်နေ့ထိ သတ်မှတ်ပေးပြီး ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လူငယ်သီတင်းပတ်လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်မှာ လူငယ်များကို နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်ထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် အသိပညာရှင်၊ အတတ်ပညာရှင် နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းကြူဦးက လက်ခံရယူသည်။
ယင်းနောက် ဉာဏဗလစွမ်းရည်ပြသရာ ဒုတိယနှစ် ဒုတိယနှစ်ဝက် ကျောင်းသား/ကျောင်းသူ လေးများမှ သင်ရိုးသစ်၏ လုပ်ငန်းစဉ်ဖြင့် ပြသခြင်း၊ စာရိတ္တဗလစွမ်းရည်တွင် ကျောင်းသား/ကျောင်းသူများမှ “စာရိတ္တနှင့်ပြည်သူ့နီတိ” သင်ရိုးဝင် ဇတ်လမ်းသရုပ်ဖော်ပြ တင်ဆက်ပြသခြင်း၊ မိတ္တဗလနှင့်ဘောဂဗလစွမ်းရည်ကို ဖွံ့ဖြိုးရေးဌာန၊ ICTဌာန၊ ကျောင်းသား၊ ကျောင်းသူများမှ ပြသကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သီတင်းပတ်လှုပ်ရှားမှုအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)