တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

တံတားဦး စက်တင်ဘာ ၆

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း နေမျိုးစည်သူခန်းမ၌  ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအုပ်သန်းဦးက လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင် လွဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ  အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်းပါဝင်ပါကြောင်း၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှုပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက မိမိလေ့လာမှတ်သားထားသည်များကို ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါအခမ်းအနားသို့ တံတားဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)