နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများ အကျိုးစီးပွားကို ရှေးရှု၍ မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ကာ ဦးစားပေးဆောင်ရွက်နေလျက်ရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် ခွန်အားဖြစ်စေမှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဘာသာအသင်းအဖွဲ့များနှင့် အစည်းအရုံးများတွင်လည်း ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့်  လှုပ်ရှားဆောင်ရွက်မှုများတွင် သက်ကြီးရွယ်အိုများပါဝင် ဆောင်ရွက်ခွင့်ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေး၊ စိတ်ချမ်းမြေ့စွာနေထိုင်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် သင့်တော်သော အထောက်အပံ့များရရှိစေရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)