တနိုင်းမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနိုင်း စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ မူလွန်-ပုန်ခုန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ လူအများကြား ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်များဖြစ်လာစေရန်၊ လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများ ဟောပြောပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုလှိုင်က အား/ကာသိပ္ပံဆိုင်ရာ အကြောင်းအရာများ၊ အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသီးသီးဟောပြောပေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ်များ စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အလားတူ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာ မူလွန်-ဒူးကောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)