ပုဏ္ဏားကျွန်းမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သင်တန်းဖွင့်လှစ်

ပုဏ္ဏားကျွန်း စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က စိုက်ပျိုးရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြေားကြားခဲ့သည်။

ထို့နောက် ခရိုင်မျိုးစေ့တာဝန်ခံ ဦးမြသိန်းက စပါးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာနှင့် ပတ်သက်၍လည်းကောင်း၊ မြေအသုံးချ တာဝန်ခံ ဒေါ်အဝိုင်းချေက ယူးရီယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို စနစ်တကျသုံးစွဲနည်းနှင့် သဘာဝစူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲနည်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်နီနီဝင်းက စပါးတွင် ကျရောက်တတ်သော စပါးဖျက် ပိုးမွှားရောဂါများအကြာင်းနှင့် ကာကွယ်နှိမ်နင်းနည်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကွန်းတောင်ကျေးရွာအုပ်စု၊ ပဒေသာကျေးရွာအုပ်စုနှင့်ရှင်တော် ကျေးရွာအုပ်စုတို့မှ တောင်သူ ၄၀ ဦး တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ စိုက်ပျိုးရေးဦးစီးဌာနမှ  သဘာဝစူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲ နည်းတို့ကို လက်တွေ့သရုပ်သခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)