ဖယ်ခုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲ၌ ရေစီးရေလာကောင်းမွန်စေရန် ပင်မရေဆိုးထုတ်မြောင်းအား စက်ယန္တရားဖြင့်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်မရေဆိုးထုတ်မြောင်းသည် မိုးဗြဲဈေးကုန်းရပ်ကွက် လက်ယာမြောင်းမကြီးနှင့်ကပ်လျှက် တည်ရှိပြီး နှုန်းမြေများဖြင့် တိမ်ကောပိတ်ဆို့၍ မိုးရာသီတွင် ရေမြောင်းပတ်၀န်းကျင်ရှိ နေအိမ်များအတွင်း ရေ၀င်၍ ရေကြီးရေလျှံခြင်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရေဆိုးထုတ်မြောင်းအား ပြန်လည်တူးဖော်ဆောင်ရွက်နေခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင့်နိုင်၊ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးမြတ်သူတို့မှ ကွင်းဆင်းစစ်ဆေးရာ နည်းပညာပံ့ပိုး ကူညီဆောင်ရွက်လျက်ရှိသော အင်ဂျင်နီယာ ဦးရန်စိုး က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းရေဆိုးထုတ်မြောင်း အလျားပေ ၃၅၀၀ ခန့်အား အကျယ် ရှစ်ပေ၊ အနက် ငါးပေကို စက်ယန္တရား အသုံးပြု၍ ဒေသခံပြည်သူများမှ ပူးပေါင်းပါ၀င်ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ နည်းပညာ ပံ့ပိုးကူးညီမှုဖြင့် ကိုယ်ထူကိုယ်ထတူးဖော်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ကိုထွေး(ဖယ်ခုံ)