လားရှိုး စက်တင်ဘာ ၆
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လားရှိုးတက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းတို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လားရှိုးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဆောင်ရွက်ကာ မောင်အောင်ဘုန်းညို (တတိယနှစ်၊ သင်္ချာ)က စာရိတ္တနိဒါန်း အလင်္ကာ၊ မောင်စိုင်းစည်သူနော် (ပထမနှစ်၊ ဥပဒေ)က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်နော်ခမ်း (ပထမနှစ်၊ ဥပဒေ) လူငယ်နှင့်စည်းကမ်း၊ မဖြိုးစန္ဒာကျော် (ဒုတိယနှစ်၊ ဒဿနိက)၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မနှင်းရတီခိုင် (မဟာဝိဇ္ဇာဒုတိယနှစ်၊ မြန်မာစာ)က လူငယ်နှင့်မြန်မာ့ရိုးရာဓလေ့များ၊ မနှင်းအိအိသန့် (ဒုတိယနှစ်၊ အင်္ဂလိပ်စာ) က လူငယ်နှင့်ယဉ်ကျေးမှု၊ မသီရိဟေဝင်းထွန်း (ဒုတိယနှစ်၊ ဒဿနိကဗေဒ) က လူငယ်နှင့်ပြည်သူ့နီတိ၊ မောင်ဝေဖြိုးမင်း (တတိယနှစ်၊ ရူပဗေဒ) က လူငယ်နှင့်လူမှုဝန်းကျင် အခြေခံလိုအပ်ချက်များ၊ မောင်လှိုင်းထက်မိုးဦး (ဒုတိယနှစ်၊ ရူပဗေဒ) က လူငယ်နှင့်စွမ်းရည် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသူ/ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်