ပူတာအိုခရိုင်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ပူတာအို စက်တင်ဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမက-ကောင်က ထောင်ကျောင်းတို့ ပူးပေါင်းမှုဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ချက်အပါအဝင် ဖြစ်သော ဉာဏဗလစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက် ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲတွင် အမက-ကောင်ကထောင်ကျောင်း Grade-5 မှ ကျောင်းသူ၊ ကျောင်းသား(၁၅)ဦးတို့က စိတ်ကြိုက်ပုံပြင်များဖြင့်လည်းကောင်း၊ စာဖတ်စွမ်ရည်ပြိုင်ပွဲတွင် Grade- 3 မှ ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့က ၁၅.၂.၂၀၂၃ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၄) စာမျက်နှာ(၂)မှ အယ်ဒီတာ့အာဘော် “အရည်အချင်းပြည့် လူငယ်များ ပေါ်ထွန်းလာရေး ဝိုင်းဝန်းပျိုးထောင်ကြရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စကားပုံဆက်ပြိုင်ပွဲတွင် ပညာရေးနှင့် ပတ်သက်သည့် စကားပုံ(၇)ခုကို ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ အမက-ကောင်ကထောင် ကျောင်းအုပ်ကြီး ဦးဖလားဖုန်နှင့် တာဝန်ရှိသူများ က ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု နှစ်ဆုတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်ဦးစီးမှူးက အမက-ကောင်ကထောင် ကျောင်းစာကြည့်တိုက် အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျောင်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထား သော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)