တောင်ကြီး စက်တင်ဘာ ၆
ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူငယ်ဖွံ့ဖြိုးရေးတို့ကို စဥ်ဆက်မပြတ် ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ လူငယ်များကို အနာဂတ်မှာ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးနှင့် လူတစ်လုံးသူတစ်လုံးဖြစ်လာစေရေးတို့မှာ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန် ဖွံ့ဖြိုးရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအသီးသီးတို့က မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသားတို့သည် နိုင်ငံကိုဖန်တီး တည်ဆောက်သူများ ဖြစ်ကြသည့်အတွက် ဖန်တီးတည်ဆောက်မူတည်ပြီး နိုင်ငံအရည်အသွေးမြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံကောင်းရန်အတွက် နိုင်ငံသားများကောင်းဖို့ လိုအပ်မှုဖြစ်သည့် အတွက် အရေးကြီးဆုံးမှာ အသိဥာဏ် အမြော်အမြင် ပြည့်စုံရန်ဖြစ်ပါကြောင်း၊ အသိပညာဗဟုသုတပြည့်စုံပြီး ကောင်းကျိုးဆိုးပြစ်တို့ကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိဥာဏ် များ မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် လူငယ်မောင်မယ်များ ကြိုးစားကြရန်ပြော ကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူးအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တိုင်းပြည်၏ အနာဂတ်အတွက် လူငယ်များ၏ အရေးပါမှုကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် စကားဝိုင်းတွင်ပါဝင် ဆွေးနွေးမည့်သူများ နေရာယူကြပြီး မိတ်ဆက်ကြရာ မဖူးသစ်ချို၊ ရုက္ခဗေဒအထူးပြု၊ ဒုတိယနှစ်မှလူငယ်နှင့် ပညာရေးခေါင်းစဥ်ဖြစ်လည်းကောင်း၊ မယမင်းရွှေစင်၊ ဥပဒေပညာ အထူးပြု၊ ဒုတိယနှစ်မှလူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခွန်ဝေယံထွန်း၊ အင်္ဂလိပ်စာ အထူးပြု၊ ဒုတိယနှစ်၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မခင်နှင်းဝေ၊ ပထဝီဝင်အထူးပြု၊ တတိယနှစ်လူငယ်နှင့် စာရိတ္တခေါင်းဖြင့်လည်းကောင်း၊ မထက်ထက်ကျော်၊ ဥပဒေပညာအထူးပြု၊ ဒုတိယနှစ်၊ လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် လည်းကောင်း၊ မယွန်းရတီမျိုးကျော်၊ ဘူမိဗေဒအထူးပြု၊ ဒုတိယနှစ် လူငယ်နှင့် နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မတွယ်တာလင်းထွန်း၊ အင်္ဂလိပ်စာအထူးပြု၊ ဒုတိယနှစ် လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဆွေးနွေးကြသည်။ ၎င်းနောက်စကားဝိုင်း ဆွေးနွေးခြင်းနှင့် မေးခွန်းများကိုမအေးမိုးငြိမ်း၊ သတ္တဗေဒအထူးပြု၊ ဒုတိယနှစ်မခင်မိုးမြင့်၊ ဓာတုဗေဒအထူးပြု၊ ပထမနှစ်ဂုဏ်ထူးတန်း၊ မောင်ခိုင်နေထက်၊ ဘူမိဗေဒအထူးပြု၊ ပထမနှစ်ဂုဏ်ထူးတန်း၊ မောင်ဇော်ဝဏ္ဏထွန်း၊ ပထဝီဝင်အထူးပြု၊ ပထမနှစ်၊ မောင်ဝဏ္ဏထွန်း၊ ရုက္ခဗေဒအထူးပြု၊ ဒုတိယနှစ်၊ နန်းမိုးသဲ၊ သတ္တဗေဒအထူးပြု၊ ဒုတိယနှစ်၊ မသင်းမြတ်နွယ်၊ ဒဿနိကဗေဒအထူးပြု၊ ဒုတိယနှစ်တို့မှ ဆွေးနွေးသွားသည့် ခေါင်းစဥ်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက စကားဝိုင်းတွင် ပါဝင်ဆွေးနွေး သွားကြသူများအား လက်ဆောင်ပစ္စည်းပေးအပ်၍ ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေတို့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တောင်ကြီးတက္ကတသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)