တောင်ကြီး စက်တင်ဘာ ၆
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ ယမန်နေ့က ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၃) မနန်းသန်းမြင့်စန်းနှင့် ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁၅) မအေးမေတို့ ရရှိခဲ့ကြသည်။
အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် (၇.၉.၂၀၂၃)ရက်နေ့တွင် ဖိုင်နယ်ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိုင်းသန်းကျော်(တောင်ကြီး)