မြစ်ကြီးနား စက်တင်ဘာ ၆
စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေဧရိယာများမှ ပြည်နယ်တရားလွှတ်တော်၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဘာသာရေး အဖွဲ့အစည်းအသီးသီးသို့ မြေယာလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပ ပြုလုပ်သည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာ စကား ပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေယာများ လွှဲပြောင်းပေးအပ်နိုင်ရေး ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ သည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ မြစ်ကြီးနားဥယျာဉ်ခြံပိုင်မြေ (၉ ဒဿမ ၉၇) ဧရိယာမှ ပြည်နယ်တရားလွှတ်တော်ရုံး မြေနေရာ အတွက် (၀ ဒဿမ ၆၄ ဧက)၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နောင်နန်းနှစ်ရှည်ပင်များ သုတေသနနှင့် ဖွံ့ဖြိုးရေး ခြံပိုင်မူလခြံမြေဧရိယာ (၅၅၀ ဒဿမ ၉၈)ဧကမှ ကချင်ပြည်နယ်ရဲတပ်ဖွဲ့အတွက် (၂ ဒဿမ ၃၀) ဧက၊ ပြည်နယ် မီးသတ်ဦးစီးဌာနအတွက် (၁ ဒဿမ ၂၇)ဧက၊ ဗုဒ္ဓဘာသာအသင်းအတွက် (၀ ဒဿမ ၃၀)ဧက၊ တြီနီတီနှစ်ခြင်းအသင်းတော်အတွက် (၀ ဒဿမ ၂၉)ဧကနှင့် ကတ်သလစ်အသင်းတော် အတွက် (၀ ဒဿမ ၂၈)ဧကကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ယနေ့ လွှဲပြောင်းလက်ခံသည့် မြေဧရိယာအပါအဝင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သည့် မြေနေရာနှင့် စုစုပေါင်း မြေဧရိယာ ၂၅၀ ပေ × ၃၅၀ ပေပေါ်တွင် ပြည်နယ်တရားလွှတ်တော် တရားရုံးသစ် တည်ဆောက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်