ကျောက်ဖြူ စက်တင်ဘာ ၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၊ လူငယ်သီတင်းပတ် အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ စီမံရေးရာဌာနမှဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက “ထာဝရမြန်မာ” သီချင်းအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲမှ တစ်ခုဖြစ်သော “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့် ပညာရှာမှီးရင်းဗလငါးတန်ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ပါဝင်ဆောင်ရွက်ပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဝင်းနိုင်စိုး၊ မောင်စိုးမြင့်ထွန်း၊ မောင်မြတ်ခိုင်ကျော်၊ မောင်ပြည်စိုးထွန်းနှင့် မဖြူဖြူလင်းတို့က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်အောက်တွင် လည်းကောင်း၊ မောင်အောင်ဇော်လင်း၊ မောင်ဟိန်းမင်းနိုင်၊ မအေးအေးဌေး၊ မသိမ့်သိမ့်ကြည်၊ မနှင်းနှင်းဝေနှင့် မအေးဝတ်ရည်တို့က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်အောက်တွင်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးအား ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါရှိသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် အဆိုပါလူငယ်သီတင်းပတ် အခမ်းအနားလှုပ်ရှားမှုများ၌ လူငယ်စကားဝိုင်းများ၊ ကဗျာရွတ်ဆိုခြင်းများ၊ စာပေဟောပြောပွဲများ၊ လက်တွေ့တန်းပြလေ့ကျင့်မှု အတွေ့အကြုံရှင်းလင်းခြင်းများ၊ ဘာသာရပ် ဌာနပြခန်းများ ပြသခြင်းများနှင့် တန်းခွဲအလိုက် ဈေးရောင်းပွဲတော်ကျင်းပခြင်းတို့ကို စက်တင်ဘာလ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း