ညောင်ဦး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့် တက်လာခြင်းနှင့်အတူ အခြေခံပညာကျောင်း (၄)ကျောင်းကို စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားကြောင်း ညောင်ဦးခရိုင် ခေတ္တပညာရေးမှူး ဦးအောင်ဌေး ထံမှသိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေကာ အခြေခံပညာကျောင်း (၄) ကျောင်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေခြင်းကြောင့် တောင်ရွာနောင်အုပ်စု၊ ထောင့်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ကျောင်း သားကျောင်းသူ (၁၀၅)ဦး၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု အုန္နဲချောင်းကွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၃၅)ဦး၊ လက်ထုပ်ကျွန်းကျေးရွာအုပ်စု လက်ထုပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၇၉)ဦး၊ ဗုဒ္ဓကုန်းကျွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၆)ဦးတို့ ပညာသင်ကြားလျက်ရှိပြီး အဆိုပါကျောင်း(၄) ကျောင်းကိုယာယီပိတ်ထားရကြောင်း၊ လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၇ စင်တီမီတာရောက်ရှိနေပြီး ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ထားကြောင်း နောက်တစ်ရက်တွင် စိုးရိမ်ရေမှတ်အထက်ပေဝက်ခန့် ထပ်တက်နိုင်ကြောင်းလည်း သိရသည်။
ဒီပါလင်း