ကွမ်းလုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်သီရိကျော် က သင်တန်းဖွင့်လှစ် ရခြင်းနှင့် ODK Application အသုံးပြုသည့် နည်းလမ်းများ၊ အကျိုးခံစားသူစာရင်းသွင်းခြင်း၊ စာရင်းထုတ်ပယ်ခြင်း လမ်းညွှန်ချက်များကို လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
ODK Application အနေဖြင့် မိမိမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ရန် စာရင်းကောက်ယူသည့်အခါတွင် အသုံးပြုသည့် Application ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု အတွင်းရေးမှူး (၃၀)ဦး က တက်ရောက်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာပေး ပို့စတာများကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)