တောင်သာ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၌ ယမန်နေ့နံနက် ၉ နာရီက ဒေသအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားရေး၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်အချိန်နှင့် တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကားပြောကြားပြီး သင်တန်းသား များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းနှင့် ဗိုလ်မှူးငြိမ်းချမ်းဦးတို့မှ တူညီဝတ်စုံများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)